သည်းခြေအိတ် ကျန်းမာစေမယ့် အမူအကျင့်တွေ
လူတော်တော်များများက အသက် ၄၀ ကျော်လာပြီဆိုရင် အရင်ကလောက် မကျန်းမာတော့သလို ကျန်းမာရေး ပြဿနာတော်တော်များများကို ရင်ဆိုင်လာကြရပါတယ်။
ဒီလို ရင်ဆိုင်ရတဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ သည်းခြေအိတ်ပြဿနာကလည်း တစ်ခုအပါအဝင်ပေါ့။ ဒီတော့ သည်းခြေအိတ် ကျန်းမာရေးကို စောင့်ရှောက်ဖို့ရာမှြ မွေးမြူသင့်တဲ့ အလေ့အထလေးတွေကို ပြောပြပေးချင်ပါတယ်။
အစာအိမ်အူလမ်းကြောင်းစနစ်ထဲက အင်္ဂါအစိတ်အပိုင်းလေး တစ်ခုဖြစ်တဲ့ သည်းခြေအိတ် ကျန်းမာစေဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။
- ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ
အစားတစ်ခုခုကို စားလိုက်ချိန်တိုင်းမှာ သည်းခြေအိတ်က သည်းခြေရည်တွေကို ထုတ်ပေးပါတယ်။ တကယ်လို့ စားရမယ့် တစ်နပ်နပ်ကို မစားဘဲ ကျော်လိုက်မယ်ဆိုရင် သည်းခြေအိတ်ထဲမှာ သည်းခြေရည်တွေ စုပုံသွားပါတယ်။ ဒီလို စုပုံသွားခြင်းက သည်းခြေအိတ်ထဲမှာ အဆီပမာဏကို မြင့်စေပြီး အချိန်ကြာလာတဲ့အခါ အဆီတွေစုပြီး မာကျောလာရင်း သည်းခြေကျောက် ဖြစ်သွားပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို တစ်နပ်မှ မကျော်စေဘဲ စားပေးပါ။
- အမျှင်ဓာတ် ပါအောင် စားပါ
အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေက သွေးထဲက အဆီဓာတ်ကို ကျဆင်းစေပြီး နှလုံးကျန်းမာစေဖို့ရော သည်းခြေကျောက်တည်ခြင်း ကင်းစေဖို့ပါ ထောက်ကူပေးမှာပါ။ အမျှင်ဓာတ်က ခန္ဓာကိုယ်ကနေ သည်းခြေရည်တွေ ထုတ်လွှတ်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် စားသုံးမှုမှာ အမျှင်ဓာတ် ပါဝင်စေဖို့ ဘာလီ၊ ပဲနီလေး၊ ဘယ်ရီသီး၊ ပန်းဂေါ်ဖီစိမ်း၊ ထောပတ်သီး၊ ပန်းသီး၊ နှံစားသီးနှံတွေကို စားပေးပါ။
- ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းပါ
ကိုယ်အလေးချိန် အရမ်းများနေတာ၊ အဝလွန်နေတာတွေက သည်းခြေကျောက်တည်စေနိုင်ပါတယ်။ ဒါကြောင့် သည်းခြေအိတ် ကျန်းမာစေချင်တယ်ဆိုရင်တော့ ကိုယ်အလေးချိန်ကို ထိန်းညှိပြီး စိတ်ဖိစီမှု ကင်းအောင် နေထိုင်ပါ။ အသီးအရွက် များများစားပါ။ ရေများများ သောက်ပါ။ သစ်သီးတွေ များများ စားပေးပါ။
- ဆီကြော်စာတွေ ရှောင်ပါ
ဆီကြော်စာတွေက ပြည့်ဝဆီတွေ ပါဝင်နေတာကြောင့် သွေးတွင်းအဆီဓာတ်ကို မြင့်တက်စေပြီး သည်းခြေကျောက်တည်တာ ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီကြော်စာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ၊ ကင်ထားတဲ့ အစားအစာတွေ၊ လူလုပ်သကြားပါဝင်တဲ့ အစားအစာတွေ၊ အချိုစာတွေကို ရှောင်ပါ။
- ရေသောက်ပါ
ရေဓာတ်ပြည့်ဝခြင်းက အရေးပါတဲ့ အချက်တစ်ခုပါ။ ရေက သည်းခြေရည်ပျစ်ပြီး ကျောက်တည်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရေများများသောက်မယ် ကယ်လ်လိုရီနဲ့ အချိုဓာတ် နည်းတာတွေ စားပေးမယ်ဆိုရင် သည်းခြေအိတ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။
- ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်း မှန်မှန် လုပ်တာက ကျန်းမာစေဖို့အတွက် အတော်လေး အရေးပါပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ကိုယ်ခံအား ကောင်းစေတယ်။ နှလုံးကျန်းမာစေတယ်ဆိုတာတွေထက် ပိုပါတယ်။ ကယ်လ်လိုရီတွေ လောင်ကျွမ်းစေပြီး စိတ်ခံစားမှု ကောင်းစေသလို သည်းခြေအိတ် ကျန်းမာစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။ သည်းခြေအိတ် ကျန်းမာစေဖို့ တစ်ပတ်ကို ၅ ရက်ထက် မနည်း လေ့ကျင့်ခန်း လုပ်ပေးပါ။
အခုပြောခဲ့တာလေးတွေကို ပုံမှန် လုပ်ဆောင်ပေးမယ်ဆိုရင် သည်းခြေအိတ်လေး ကျန်းမာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။
မွန်မွန်